Wednesday, August 19, 2009

ကဗျာကဏ္ဍ - ၃

ကဗျာ့စွမ်းရည်

  • ကဗျာလင်္ကာဟူသည် စာ၊ စကားလုံးများထက် စိတ်အပေါ်တွင် ပို၍မူတည်လေ သည်။ စိတ်ကူးသည် ကဗျာလင်္ကာဖြစ်၍ စာ၊ စကားစသည်တို့မှာ ထိုစိတ်ကူးကို အကောင်အထည် ဖော်ပေးသော လက်နက်သာဖြစ်သည်။ ထို့ကြောင့် ဘာသာ စကား ကွဲပြားစေကာမူ ကဗျာတို့၏ စိတ်ကူးမှာ အတူတူပင် ဖြစ်သည်ကို တွေ့ခဲ့ ရသည်။ မြန်မာစာပေရှိ အလင်္ကာကျမ်းများတွင် ပါရှိသော ဥပစာ၊ ရသဂုဏ်တို့မှာ မဂဓဘာသာများမှ ဆင်းသက် ရရှိသကဲ့သို့၊ အနောက်တိုင်းကဗျာစာပေများတွင် ဂရိရောမတို့မှ ဆင်းသက်လာသော ဥပစာတင်စားနည်း အသုံးအနှုန်းတို့ ရှိလေ သည်။ နှိုင်းယှဉ်လေ့လာသောအခါ ကဗျာ့စိတ်ကူးများတူပုံကို တွေ့ရှိရသည်။
  • မည်သည့်စာဆိုမဆို စိတ်ကူးချင်းမှာ ခပ်ဆင်ဆင်ပင်ဖြစ်သည်။ သူတို့၏ အတွေး အမြင်မှာ သာမန်လူတို့နှင့်မတူ ထူးခြားပေသည်။ နံနက်ချိန်ခါ ထွက်ပြူလာသော နေမင်းကို သာမန်လူ့မျက်စိတွင် အဝိုင်းပုံစံမှ ဝါဝါအရောင်များ ထွက်နေသည်ဟု သာမန်မြင်ပေမည်။ စာဆိုမျက်စိကား ယုဂန္ဓိုရ်တောင်ထိပ်ဖျားမှ နေရထားစကြာ သည် ရောင်မျိုးထွေဖြာထွက်ပေါ်လာကာ ကမ္ဘာသူကမ္ဘာသားများအား နှုတ်ဆက် သည့် အလားရှိ၏ဟု မြင်ပေမည်။ ထို့ကြောင့် ကဗျာကို ကြားနာ လေ့လာခြင်းဖြင့် မိမိတို့ ကြားနေကျ စကားလုံးများ၊ အသံများနှင့် မြင်နေကျ ပုံစံများသည် အသွင် ပြောင်းကာ အမြင်တမျိုး မင်လာနိုင်ပေသည်။
  • ကဗျာလင်္ကာများမှာ လူ့စိတ်ကို စစ်ခရာတံပိုးကဲ့သို့ တက်ကြွ လှုံ့ဆော်နိုင်သော သတ္တိရှိ၏။ လူ့စိတ်ကို ယိုဖိတ်အောင် ညွတ်နူးစေနိုင်သော သတ္တိလည်းရှိသည်။ ကဗျာလင်္ကာသည် တခမ်းတနား ရှည်လျားစွာ ဖွဲ့ဆိုထားမှသာ ကဗျာလင်္ကာဟု မဆိုသာချေ။ မည်မျှပင် တိုစေကာမူ ကဗျာကာရန် မြောက်အောင် ဖွဲ့ဆိုထားလျှင် ကဗျာလင်္ကာဖြစ်နိုင်ပေသည်။ ကဗျာလင်္ကာမှာ အရသာရှိသော စာပေမျိုးဖြစ်၍ လူ့စိတ်ကို သူလိုရာသို့ ယိမ်းယိုင်လာအောင် ဆွဲငင်နိုင်သောသတ္တိထူးလည်း ရှိပေသည်။ ယင်းသို့အရသာ တွေ့နိုင်သော စာပေ၏ အမျိုးမျိုးသောအရသာကို ကျွန်ုပ်တို့ သိထားဖို့ကောင်း၏။ သာယာမှုမှာ လူ၏သဘာဝ အကြိုက်ပင်ဖြစ်ရာ သာယာစွာ ဖွဲ့နွဲ့သီကုံးထားသော ကဗျာလင်္ကာကိုလည်း လူတို့နှစ်သက် စွဲလမ်းပေမည်။

0 comments:

Template by : ye yint ko ko (BMSTU-kaluga)