ကဗျာလင်္ကာ
ကဗျာလင်္ကာဟူသည်ကား လူတို့၏ နေ့စဉ် သုံးစွဲပြောဆိုနေသော သာမန်စကားများကို တေးဂီတပမာ ပြေပြစ်ချောမောစွာ ချိုသာငြိမ့်ငြောင်းအောင် စီကုံးရေးသားထားသော စာဖြစ်သည်။ ထို့ပြင် ပဒဒေါသ၊ ဝါကျဒေါသစသော ဒေါသအပေါင်းတို့မှ ကင်းလွတ်၍
ပသာဒဂုဏ်၊ သဇ္ဇဂုဏ်စသောဂုဏ်တို့နှင့် ပြည့်စုံအောင် သီကုံးထားသော မဂဓဘာသာ၌ ဂါထာ၊ မြန်မာဘာသာ၌ လင်္ကာသီချင်းများကို ကဗျာလင်္ကာဟုခေါ်သည်။
ကဗျာ ဘယ်ကစ
ကဗျာလင်္ကာကို မည်သူက စတင်ရေးလိုက်သည်ကို အတိအကျ မပြောနိုင်ချေ။ သို့သော် မည်သို့စတင်ဖြစ်ပေါ်လာသည်ကိုမူ ခန့်မှန်းနိုင်သည်။ ကဗျာလင်္ကာဟူသည် တေးဂီတ ပမာ ချိုသာငြိမ့်ငြောင်းအောင် စီကုံးထားသောစာဟု အထက်ကဆိုခဲ့ချေပြီ။ ထို့ကြောင့် ကဗျာလင်္ကာ၏ ရေသောက်မြစ်ဖြစ်သော တေးဂီတများကို ပြန်လည် သုံး သပ်သင့်သည်။ တေးဂီတများ မည်သို့စတင်ပေါ်ပေါက်လာသနည်း။
ကမ္ဘာဦးမှ သုခုမ
ကမ္ဘာဦးလူတို့သည် တနေကုန် အမဲလိုက်၊ ငါးမျှား စသဖြင့် အစာရှာဖွေခဲ့ရာ ပင်ပန်းနွမ်း နယ်သည့်အလျောက် ညအချိန်စုဝေးလျက် ကျေးငှက်သံ၊ မိုးသံလေသံ၊ သစ်ပင်သစ်ရွက် လှုပ်ရှားသံ စသော ဂီတသံတို့ကို တယောက်တလှည့်စီ အတုယူ အော်မြည်ဖျော်ဖြေကြ ပေလိမ့်မည်။ အချို့ကလည်း မိမိတို့ တနေ့တာတွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များ ဗဟုသုတများကို ပြောကြပေမည်။ ထိုနေရာ၌ပတ်ဝန်းကျင်သဘာဝသံများကို အားကျ၍ ရိုးရိုးစကားနှင့်မပြောပဲ ဂီတသံနှောသည့် စကားလုံးတို့ဖြင့် ကြံဖန်ပြောသည့် အလေ့များ ဖြစ်လာခဲ့ပြီး ထိုသို့စကားရိုးရိုးမှ ဂီတသံကိုမှီးလျက် သာယာနာပျော်ဖွယ်ဖြစ်လာအောင် စီကာပတ်ကုံးပြောပြခြင်းသည် ကဗျာလင်္ကာသဘော ဆောင်လာနေပြီဟု ဆိုရပေမည်။ သို့သော်ထိုသည်ကား နှုတ်ကဗျာသာဖြစ်၍ စာအက္ခရာ မပေါ်ပေါက်မီကပင် လူတို့သည် မိမိတို့စိတ်နှလုံး တွေ့ကြုံခံစားမှုကို ထုတ်ဖော်ပြောဆိုသော ကဗျာတေးများ ရှိခဲ့ရာ စာအက္ခရာပေါ်ပေါက်လာသောအခါ ကဗျာလင်္ကာဟူသော အရေးအသားပေါ်ထွန်းလာ မည်ဟု ကျိုးကြောင်းဆက်စပ် သိနိုင်ပေသည်။

0 comments:
Post a Comment