ကဗျာသဘောတရားများနှင့်ကာရန်
- မိမိစိတ်ခံစားမှု၊ လှုပ်ရှားမှု၊ တွေးကြံမှုတို့ကို သူတပါးစိတ်၌ ထိုနည်းနှင်နှင် တွေ့ ကြုံခံစား လှုပ်ရှားလာ အောင် ကူးဆက်ပေးသော အရာကား ကဗျာ လင်္ကာပင် ဖြစ်သည်။ ယင်းသို့ မိမိခံစားမှုကို သူတပါးကို ယ်တွေ့ ခံစားမှုဖြစ်သွားအောင် ကူးပြောင်းပေးရသည်မှာ မလွယ်ကူချေ။ မိမိသိသလို သူတပါးသိအောင်၊ မိမိမြင် သလို သူတပါးမြင်အောင် ပြစားဖို့ရာ လက်နက်ကောင်းလိုသည်။ ထိုလက်နက် ကောင်းသည် ကား ကဗျာလင်္ကာတည်း ဟူသော တန်ဆာ၊ ဖြစ်မြောက်အောင် ထောက်မကူညီပေးသော အသံကာရန်၊ စပ်ပုံ ဟပ်ပုံ၊ စပုံ ချပုံ၊ အနက်အဓိပ္ပာယ် စသည်တို့ဖြစ်၏။
- ကဗျာလင်္ကာဟူသည် ကာရန်ကလေးများ ဟပ်ထားရုံနှင့် ကဗျာလင်္ကာမြောက် ပြီဟု မဆိုသာချေ။ မည်သည့် ဘာသာ စာပေမဆို ကာရန်ချိတ်ဆက်ပုံ၊အသံနေ အသံထားယူပုံ၊ ရသပေါ်အောင်ဖွဲ့ပုံ စသော ကဗျာဥပဒေ စည်းကမ်းများ ရှိပေ သည်။ ထိုစည်းကမ်းများဖြင့် စနစ်တကျ ပြည့်ဝအောင် ဖွဲ့ဆိုသီကုံးတတ်မှသာ ကဗျာလင်္ကာဖြစ်ပေမည်။ ကဗျာစာဆိုသည် ထိုထိုသော လက်နက်ကိရိယာများ ကို မှန်ကန်အောင် သုံးတတ်ပါမှ စာဆိုကိုယ်တိုင် သိရှိခံစားရသော အရသာကို စာဖတ်သူသည် တင်းပြည့်ကျပ်ပြည့် ခံစားနိုင်ပေမည်။ စာဆို၏ စိတ်နှလုံးဝယ် ခံစားရသော အာရုံများကို သူ့စကားလုံးများက အဓိပ္ပာယ် ဖော်ပေးနေမှသာ ကဗျာလင်္ကာ အစစ်ဖြစ်နိုင်ပေသည်။
- ပညာရှိများ ဖွဲ့စည်းထားသော ကဗျာလင်္ကာ အရသာကို ခံစားနိုင်သောနည်း ရှိပါ သလောဟု စဉ်းစားစရာ ဖြစ်ပေသည်။ ချိုချဉ် ခဲဖွယ်တို့၏ အရသာသည် လျှာ၊ အဆင်းသည် မျက်စိ၊ ကဗျာလင်္ကာ အရသာသည် နားဖြစ်၏။ ဂီတသံစဉ်များကို နားလည်နိုင်ရန်၊ ဂီတအရသာကို ခံစားနိုင်ရန်အပြင် ကဗျာအရသာကို သိနိုင်ရန် လည်း နားကိုပင် လေ့ကျင့်ထားရပေမည်။ ထို့ပြင် ကဗျာဟူသည် စိတ်ထဲက ဖတ်ရုံနှင့် အရသာ မပြည့်စုံချေ။ သူတပါး အသံထွက်ဖတ်ခြင်းကို နားထောင်ခြင်း၊ ကိုယ်တိုင် အသံထွက် ဖတ်ခြင်းတို့ကို ပြုမှသာလျှင် ပြည့်စုံသော အရသာ ပေါ်နိုင်လေသည်။
0 comments:
Post a Comment